တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

မကွေး ဧပြီ ၁

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်း ကြေညာသည်။ ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကိုရယူသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လွှတ်တော်ကမှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်ဥပဒဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီနှင့် တိုင်းဒေသကြီးလွှတ်‌တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် ကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညိုက ယင်းကော်မတီများ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြကာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်ဥပဒဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီနှင့် တိုင်းဒေသကြီးလွှတ်‌တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီများ၏ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘာတူညီကြသည့်အတွက် အတည်ပြုကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကကြေညာကာ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကိုရပ်နားလိုက်ပြီး အစည်းအဝေး တတိယနေ့ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ (ပြန်/ဆက်)