ငွေဆောင် မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာ၌ မတ် ၂၅ ရက်နေ့ ညနေပိုင်းက ကမ်းနီး / ကမ်းဝေးစက်လှေများတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူများအား မြို့အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ကျန်းမာရေးဌာနတာဝန်ရှိသူများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောခြင်း၊ ရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်း၊ ငါးဖမ်းလှေများအား ကလိုရင်းဆေးဖျန်းခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမ်းနီး / ကမ်းဝေး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအား အသိပညာပေးဟောပြောရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ၊ ကူးစက်နိုင်သည့်နည်းလမ်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အိမ်တွင်းကုသနည်းများနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် လှေပိုင်ရှင်၊ လှေဦးစီးနှင့် လှေလုပ်သားများ လိုက်နာရှောင်ကြဥ်ရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ရှောက်ချောင်းကျေးလက်ကျန်းမာရေးဌာနခွဲမှ လက်ထောက်ကျန်းမာရေးမှူး ဦးစောခူဒိုဘိုးဇံက ငါးဖမ်းစက်လှေများတွင် ဆောင်ရွက်ထားရှိရမည့် ရေသန့်ဆေး၊ ဓာတ်ဆားထုတ်နှင့် ဆေးဝါးများအကြောင်းကို ရှင်းလင်းပြောကြားကာ ရေတွင်း၊ ရေကန်များရှိ ရေဂါလံတွက်နည်းနှင့် ကလိုရင်းဆေးဖျော်စပ်နည်းကို လက်တွေ့ပြသသင်ကြားပေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆင်မကျေးရွာရှိ ကမ်းနီး / ကမ်းဝေး ငါးဖမ်းစက်လှေပိုင်ရှင်များနှင့် ရေလုပ်သားများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ၏ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပက်သက်ပြီး သိရှိလိုသည့် ဆွေးနွေးမေးမြန်းမှုများကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြာင်း သိရသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ကျန်းမာရေးဌာန တာဝန်ရှိသူများသည် ဆင်မကျေးရွာနေပြည်သူများကို ပိုးမွှားကင်းစင်ပြီး သန့်ရှင်းသောရေကိုအသုံးပြုနိုင်စေရေး၊ မသန့်ရှင်းသောရေမှတစ်ဆင့်ကူးစက်ရောဂါများမဖြစ်ပွားစေရေး၊ ကမ်းနီး / ကမ်းဝေးစက်လှေများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ ရေတွင်း၊ ရေကန်များအား ကလိုရင်းဆေးခတ်ခြင်း ၊ ငါးဖမ်းစက်လှေများပေါ်တွင် ကလိုရင်းဆေးဖျန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးခတ်ရန်ကျန်ရှိသည့်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်လင်းဦး (ပြန်/ဆက်)