ဒေးဒရဲ မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရှိ တာဝန်ရှိသူများက မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး လက်တွေ့ကိုင်တွယ်အသုံးပြု၍ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များက ဒေးဒရဲမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါရုံးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးအား စနစ်တကျကိုင်တွယ်အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်ဝင်းစိုး၏ ပြောကြားချက်အရ သိရသည်။
အေဇာလင်း