ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပဲခူး မတ် ၂၆

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၆ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နွေရာသီအခြေခံအားကစားသင်တန်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်အတွက်ရော မြန်မာ့အားကစားလောကအတွက်ပါ အကျိုးထူးများမလွှဲမသွေရရှိနိုင်မှာဖြစ်တဲ့အတွက် မိဘအုပ်ထိန်းသူများအနေနဲ့လည်း မိမိတို့ရဲ့ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိတဲ့ လူတော်လူကောင်းများဖြစ်လာစေဖို့ ဆက်လက်ပြီး စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးမယ့် အဆင့်မြင့်အားကစားသင်တန်းများနှင့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက် အားကစားသင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးပေးသွားကြဖို့ တိုက်တွန်းလိုပါကြောင်း၊ သားတို့/သမီးတို့အနေနဲ့ ယခုသင်တန်းအား တက်ရောက်ခြင်းဖြင့် အားကစားရဲ့သဘောသဘာဝတွေကို သိရှိပြီး သင်ကြားပေးလိုက်တဲ့ အားကစားနည်းစနစ်တွေကို အမြဲမပြတ်လေ့ကျင့်နိုင်အောင် ကြိုးစားကြပါ၊ ကျောင်းလက်ရွေးစင်မှတစ်ဆင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးလက်ရွေးစင် ထိုမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် အများပြည်သူက အားကျဂုဏ်ယူရတဲ့ အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ ဥပဒေချုပ်ဦးခင်မောင်တင့်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထွန်းနှင့် မြို့မိမြို့ဖ ဦးဆန်နီတို့က ဘောလုံး၊ အေရိုးဗစ်၊ Fitness Dance ၊ ကရာတေး၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကြက်တောင် စသည့် အားကစားနည်း(၉)မျိုးမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် လက်ဝှေ့၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ကရာတေး၊ Fitness Dance သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြသကစားကြရာ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်မှ သရုပ်ပြကစားကြသည့် အားကစားသမားများနှင့် အားကစားနည်းအလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားနည်းသင်တန်းများကို မတ်လ(၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ဘောလုံး၊ အေရိုးဗစ်၊ Fitness Dance ၊ ကရာတေး၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကြက်တောင် စသည့် အားကစားနည်း(၉)မျိုးကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစု‌ပေါင်း(၈၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)