တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ

တောင်ငူ မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီနှင့် ကွန်ပျူတာ ပန်းချီသင်တန်းများကို တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ မတ် ၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် ပန်းချီနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ကျင်းပသည်။

ထိုသို့ ပြိုင်ပွဲကျင်းပရာတွင် ပန်းချီပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၂၂) ဦးက သဘာဝဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ပုံတူရေးဆွဲယှဥ်ပြိုင်ကြပြီး ကွန်ပျူတာ ပန်းချီပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးက သဘာဝရှုခင်းပုံများကို ပုံတူရေးဆွဲယှဥ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု (၁)၊ နှစ်သိမ့်ဆု (၂) ရရှိသူများအား အခြေခံပန်းချီနှင့် ကွန်ပျူတာပန်းချီသင်တန်းဆင်းပွဲတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး တောင်ငူမြို့နယ် ပန်းချီပန်းပု အစည်းအရုံးနာယက ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)နှင့် နည်းပြ ဦးရန်နိုင်ထွန်းတို့က  အခြေခံပန်းချီရေးဆွဲနည်းများကို  မတ်၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ အခမဲ့သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)