ပေါင်းတည်၌ နွေစပါး ဧက နှစ်သောင်းလေးထောင်ကျော် စိုက်ပျိုးပြီးစီး

ပေါင်းတည် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခု၂၀၂၆ ခုနှစ်၊ နွေစပါးရာသီတွင် နွေစပါးများ စိုက်ပျိုးလျက်ရှိပြီး မတ်လ ၁၅ ရက်အထိ ၂၄၀၁၂ ဧက စိုက်ပျိုးပြီးစီးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ယခုနှစ် နွေစပါးစိုက်ပျိုးရန် မြိုနယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့က တောင်သူများနှင့်ပူးပေါင်းညှိနှိုင်းကာ ၂၆၅၀၀ ဧက စိုက်ပျိုးရန် လျာထားသတ်မှတ်ခဲ့ကြကြောင်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်ရန် စိုက်ပျိုးရေကို ဇန်နဝါရီ ၁၅ရက်က စတင်ဖြန့်ဝေပေးခဲ့ကြောင်း၊ နွေစပါးစိုက်မည့်ဧရိယာသည် အများအားဖြင့် သုံးသီးစားနှင့် နှစ်သီးစား စိုက်ပျိုးမြေများဖြစ်ပြီး ယခုအခါမတ်ပဲများရိတ်သိမ်းပြီးစီး၍ နွေစပါးစိုက်ပျိုးရန် တောင်သူများ ဆက်လက်ထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

နွေစပါးစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်ရေးအတွက် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေကိုလုံလောက်စွာ စဉ်ဆက်မပြတ် ပို့လွှတ်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ထို စိုက်ပျိုးရေဖြင့် ပြည်တွင်းစားရေရိက္ခာဖူလုံပြည့်စုံစေရေး၊နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့် မိမိတို့အကျိုးစီးပွားပိုမိုဖြစ်ထွန်းနိုင်ရေးတို့အတွက် စိုက်ပျိုးရန် ကျန်ရှိသည့်ဧက နှစ်ထောင်ကျော်ကို ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)