ဓနုဖြူ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်) ကို ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
ယနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဓနုဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၀)ခုတို့တွင် ဖြေဆိုလျက်ရှိပြီး ဓနုဖြူမြို့နယ်တွင် စာမေးပွဲဖြေဆိုသူစာရင်းရှိ (၁၀၇၄)ဦးရှိရာ၊ ယခုဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၄၃၁) ဦး၊ ကျောင်းသူ (၅၅၂) ဦး၊ စုစုပေါင်း (၉၈၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား (၆၃) ဦး၊ ကျောင်းသူ (၂၈) ဦး၊ စုပေါင်း (၉၁) ဦး ပျက်ကွက်ခဲ့ပြီး၊ ဖြေဆိုသူရာနှုန်း (၉၁.၅၃) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာစာစစ်ဌာနများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် တာဝန်ရှိသူများမှ နေ့စဥ်လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိပြီး၊စာမေးပွဲဖြေဆိုစဥ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်