ပန်းတောင်း မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများရှိစေရန်နှင့် ဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံဦးစီးအရာရှိနှင့် ဝန်ထမ်းများက ငလျင်လှုပ်ခတ်ရခြင်း အကြောင်းရင်းများ၊ ငလျင်လှုပ်ခတ်နေစဉ်အတွင်း လိုက်နာဆောင်ရွက်ရမည့် “ဝပ်၊ ကာ၊ ကိုင်” စနစ်များကို လက်တွေ့သရုပ်ပြသခြင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များနှင့် ကြိုတင်ပြင်ဆင်ထားရမည့် အရေးပေါ်သုံးပစ္စည်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)