ကြို့ပင်ကောက်မြို့တွင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကြို့ပင်ကောက် မတ် ၁၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေဇင်ယုက အမျိုးသမီးများအတွက် အဓိကထား၍ ကျန်းမာရေးအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အမျိုးသမီးကျန်းမာရေး ဆိုင်ရာကိစ္စရပ်များအား သိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာန လက်ထောက် ဆရာဝန် ဒေါက်တာဇာခြည်ဝင်းက အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်မှုများကို အသေးစိတ်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အဆိုပါ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန်နှင့် ဝန်ထမ်းများမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒေသခံအမျိုးသမီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)