သဲကုန်း မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသကြင်္န် ပွဲတော်ကျင်းပနိုင်ရန်အတွက် မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို ဆောက်လုပ်မည်ဖြစ်ပြီး ပြည်သူများ ပျော်ရွှင်ချမ်းမြေ့လုံခြုံစိတ်ချစွာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနိုင်ရန်၊ ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများက သတ်မှတ်ထားသော လုပ်ငန်းတာဝန်များကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားကြရန်၊ ယိမ်းအကများ ဖြင့်ဖျော်ဖြေရေးအစီအစဥ်များ အဆင်ပြေစေမှုရှိစေရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သံဃာတော်များမှ မြို့တွင်းအန္တရာယ်ကင်း ပရိတ်တော်များရွတ်ဖတ်နိုင်ရန်နှင့် သက်ကြီးဘိုးဘွားများကန်တော့နိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)