ပဲခူး မတ် ၁၂
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ (၁၂) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက “ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ဦးဆောင်၍ ၂၀၁၆ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ဒီနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က သတ်မှတ်ထုတ်ပြန်တဲ့ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယခုလိုကျင်းပရခြင်းဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးများကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလေးထားကြပြီး မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ကျင်းပဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံတွင်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီး ပြည်ထောင်စု အဆင့်အနေဖြင့်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းထားပါတယ်။ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးဆောင်ပြီး ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်း၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ဆောင်ပုဒ် (၃) ခုအနက် “ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆောင်ပုဒ်အတိုင်း နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားပေးဆောင်ရွက်လျက်ရှိရာ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွင်းကုန်အစားထိုးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ် တင်ပို့ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ရေရှည်ဖွံဖြိုးတိုးတက်လာစေမှာဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ အတ္တပရမျှတစွာဖြင့် နိုင်ငံ့စီးပွားမြင့်တက်လာစေရေး ဆောင်ရွက်ပေးကြရန်၊ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူများ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေပြီး ယုံကြည်စိတ်ချရသော ထုတ်ကုန်များ၊ ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်းရှင်များ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်း၍ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် Video Click အား ကြည့်ရှု့ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက စားသုံးသူရေးရာဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အလှကုန်၊ စားသောက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)