ပွင့်ဖြူ မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲကြီးသီးနှံ၁၁၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ပဲကြီး ၄၆၇၅ ဧကစိုက်ပျိုးခဲ့ကြောင်း အဆိုပါ စိုက်ပျိုးထားသော ပဲကြီးစိုက်ခင်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၁၁၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒသမ ၄၀ တင်း ထွက်ရှိကြောင်း သိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲကြီး ၄၆၇၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ပဲကြီးစိုက်ခင်းတွေကို အခုလက်ရှိမှာ ရိတ်သိမ်းလျက်ရှိပါတယ်။ ဒီနေ့ထိ ၁၁၄၀ ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ပဲကြီး အထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ရေးအတွက်လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်တွေ၊ သွင်းအားစုတွေ၊ ရိတ်သိမ်းချိန်လွန်နည်းပညာပေးတာတွေကို တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ပဲကြီးစိုက်တောင်သူများအနေဖြင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းနဲ့ အရည်အသွေး ကောင်းမွန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲကြီးကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲကြီးကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးကပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )