သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်း (မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်လှစ်

မကွေး မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်း(မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)သင်တန်းဖွင့်ပွဲအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှတာဝန်ရှိသူများနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းမှ အဖွင့်အမှာစကားပြောကြား၍ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်နှင့် သင်တန်းအစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း)အား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနအသီးသီးမှ ရုံးအကူဝန်ထမ်းများ၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးရုံးနှင့် သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်း(မကွေး)တို့မှ ရုံးအကူဝန်ထမ်း စုစုပေါင်း(၄၀)ဦးအား အခြေခံစာရင်းကိုင်နှင့်စာရင်းစစ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ မတ်လ (၁၀) ရက်မှ (၂၃) ရက်နေ့အထိဖွင့် လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)