ကြို့ပင်ကောက် မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ စိုင်ဂေါင်းကျေးရွာ ဇေယျမင်္ဂလာကျွန်းတောဘုန်းတော်ကြီးကျောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နယ်လှည့်အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
စိုင်ဂေါင်းကျေးရွာ ဇေယျမင်္ဂလာကျွန်းတောဘုန်းတော်ကြီးကျောင်းဆရာတော်ကြီး ဦးသုဝဏ္ဏဇောတိက ကိုဗစ်ကာလကတည်းက ပိတ်ခဲ့ရသော ဓမ္မစကူးကျောင်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများကို ယခု ၂၀၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပြီး လိမ္မာယဉ်ကျေးပြီး အမျိုးဘာသာသာသနာကို စောင့်ရှောက်သော နိုင်ငံသားကောင်းရတနာများ ပေါ်ထွက်လာစေရန် ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
အဆိုပါယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်နေကြသော သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း၊ ရုပ်ပုံစာအုပ်များဖြင့် ပုံပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် စာအုပ်များဖတ်ရှုစေခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)