ရေနံချောင်း မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ အရည်အသွေးပြည့်မီသည့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြင့်မြတ်တော်ဝင်ကုမ္ပဏီ(မကွေး)တို့ပူးပေါင်း၍ ကြက်သွန်နီစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP)တောင်သူနည်းပညာပေးသင်တန်းကို မတ်လ ၉ ရက်နေ့က ရာပြည့်သာသနာ့ဗိမာန်တော်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးငွေဆန်းက အမှာစကား ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဥယျဉ်ဇီဝဌာနခွဲ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဝဏ္ဏထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးယဉ်မင်းစိုးနှင့် ဝန်ထမ်းများက တောင်သူများ ကြက်သွန်နီစိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုးတတ်စေရန် ကြက်သွန်နီစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)နည်းပညာများကို သင်တန်းကာလ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာ (၈)ရွာမှ (GAP)လက်မှတ် လျှာက်ထားသူ သင်တန်းသားတောင်သူ ၁၉၅ ဦး တက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP) လက်ကမ်းစာစောင်များနှင့် စိုက်ပျိုးရေးဆိုင်ရာသတင်းအချက်အလက်များ မေးမြန်းနိုင်ရန် Call Center လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ တာဝန်ရှိသူများက မြေဆီလွှာဓာတ်ခွဲသေတ္တာ (၁၅)ခုကို ကျေးရွာကိုယ်စားပြု တောင်သူခေါင်းဆောင်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး