သာယာဝတီမြို့နယ်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြော

သာယာဝတီ မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက ပွင့်လင်းရာသီခြောက်သွေ့ကာလသို့ ရောက်ရှိလာပြီဖြစ်၍ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုတွေကြောင့် အန္တရာယ်ကြီးမားလှသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပွားနိုင်သည့် ကာလဖြစ်ကြောင်း၊ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်စေနိုင်ပြီး အာဆီယံနိုင်ငံတွေမှာသာမက ကမ္ဘာ့နိုင်ငံတွေမှာပါ လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးရွားသည့် ပြဿနာတစ်ရပ်ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားပြီး တားဆီးနေကြသကဲသို့ မိမိတို့နိုင်ငံမှာလည်း မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေမဖြစ်ပေါ်စေရန်၊ ထိန်းချုပ်လျှော့ချနိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထိုအသိပညာပေးဟောပြောပွဲသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြပြီး မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)