ငဖဲမြို့နယ် ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ငဖဲ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပေကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုလုပ်ငန်းများ၊ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချရန်အတွက် အသိပညာဗဟုသုတတိုးပွားစေရေး သုတရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်၊ နွေရာသီ အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အ.မ.က(ပေကုန်း) ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များကို ပေးအပ်လှူဒါန်းပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)