မကွေး မတ် ၉
၂၀၂၆ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ဦးစွာ မကွေးမူကြိုကလေးငယ်များမှ “လှမ်းခဲ့ပါဆွေဖန်ခါးမြေ” သီချင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် ၂၀၂၆ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးနေ့အခမ်းအနားဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံမှာလည်း မြန်မာအမျိုးသမီးထုရဲ့ အခန်းကဏ္ဍအရေးပါမှုကို ထင်ဟပ်ပေါ်လွင်စေဖို့ အခုလိုအခမ်းအနားများ ကျင်းပခြင်းဖြစ်ပြီး ဒီလိုကျင်းပနိုင်ခြင်းဟာလည်း နိုင်ငံတော်အနေနဲ့ အမျိုးသမီးများကို အထူးတန်ဖိုးထား အသိအမှတ်ပြုကြောင်း၊ ၁၉၀၈ ခုနှစ်မှာ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများဟာ ၎င်းတို့ရဲ့အလုပ်ချိန်ကိုလျှော့ချရန်၊ လစာတိုးပေးရန်နှင့် မဲပေးခွင့်ရရှိရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာကနေအစပြုပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ရယ်လို့ ပေါ်ထွန်းလာခဲ့တာနှစ်ပေါင်း တစ်ရာကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကစပြီး မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် တသမတ်တည်း သတ်မှတ်ကျင်းပခဲ့တာဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ကတော့ “တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး "Rights. Justice. Action. For All Women and Girls " ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဟာ အမျိုးသမီးနဲ့ အမျိုးသားတူညီသော စစ်မှန်တန်းတူညီမျှမှုရှိစေရေး၊ ခွဲခြားပစ်ပယ်ခြင်းကင်းစေရေးနဲ့ စွမ်းဆောင်ရည်မြင့်မားရေးတို့ကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒီကနေ့ကမ္ဘာမှာ အဓိကကျတဲ့ ပြဿနာတွေဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေးနဲ့ လူဦးရေထိန်းသိမ်းရေးတို့မှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲအရေးပါလှကြောင်း၊ ဒီကိစ္စတွေကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ဖို့ဆိုရင် အမျိုးသမီးများစာတတ်မြောက်မှု၊ အသိဉာဏ်ပညာရှိမှု၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ရည်ကိုယ်သွေးပြည့်ဝမှုဆိုတဲ့အချက်တွေနဲ့ ပြည့်စုံဖို့လိုအပ်ကြောင်း၊ ဒါကြောင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနဲ့အညီ ကျား၊ မတန်းတူညီမျှမှုကို မြှင့်တင်ပေးရမှာဖြစ်ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာမည်သူတစ်ဦး တစ်ယောက်မျှမကျန်ရစ်စေဖို့ နိုင်ငံတော်အစိုးရနှင့်အတူ လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍများတွင် ပြည်သူများနှင့် အမျိုးသမီးများက ပါဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်ဗီဒီယိုကလစ်နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်မှ ပေးပို့လာသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် Video Click အား ပြသခဲ့သည်။
ယင်းနောက် မကွေးမူကြိုကလေးငယ်လေးများမှ “ရေအိုးကိုယ်စီ” သီချင်း၊ ကလေးပြုစုရေးဌာနမှ“ အောင်ပါစေ” သီချင်း၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ သမီးပျိုလေးများမှ “ဗမာမလေးပါရှင့်” သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသော သားငယ်၊ သမီးငယ်လေးများနှင့် သမီးပျိုလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုတော်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)