မင်းဘူး မတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးကြီးတွင် ပွင့်လင်းရာသီဈေးမီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်း လုပ်ငန်းများကို မတ်လ ၇ ရက် နေ့လယ် ၃ နာရီအချိန်က မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး အဆိုပါဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းတို့က ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကာ မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အမြင့်တင်ရေစင်၊ ရေလှောင်ကန်၊ ရေစုကန်များနှင့် အပေါ့စားမီးငြှိမ်းသတ်စက်များ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှေးဦးမီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရေစိုအဝတ်၊ မီးသတ်ဆေးဘူးတို့ကိုအသုံးပြု၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်း၊ မီးငြှိမ်းသတ်ယာဉ်ကြီးများဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မြို့မဈေး အတွင်းရှိ အပေါ့စားမီးငြှိမ်းသတ်စက်ဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်းလုပ်ငန်းများကို ဈေးကော်မတီဝင်များ၊ ဈေးတာဝန်ခံများ၊ ဈေးရောင်းဈေးဝယ် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)