အထက်မင်းလှ မတ် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများနှင့် ဝန်ထမ်းမိသားစုဝင်များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဌာနအစီအစဉ်ဖြင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲကို မတ်လ ၆ ရက်နေ့ နံနက်က မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က နွေရာသီသင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြား၍ သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်တန်းဖွင့်မည့် ကာလအတွင်း စိတ်အားထက်သန်စွာဖြင့် မပျက်မကွက်တက်ရောက်စေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့် မုန့်များ ဝေငှပေးခဲ့သည်။
အဆိုပါ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သော ကွန်ပျူတာသင်တန်းကို မတ်လ ၆ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ (၁)လတိတိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)