တက္ကသိုလ်ဝင်တန်းကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့်စာစစ်မှူးများ၏ ထပ်ဆင့်ရှင်းလင်းပွဲ မြန်အောင်တွင် ကျင်းပ

မြန်အောင် မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပညာရတနာခန်းမတွင် ယနေ့နံနက်က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် စာစစ်မှူးများ၏ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၂၇၆) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအား နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းက စာစစ်ဌာန (၈) ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးကျော်တင်ဝင်းက စာစစ်ဌာနအလိုက် တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမများ တက္ကသိုလ်ဝင် စာမေးပွဲဆိုင်ရာလုပ်ငန်း လက်စွဲပါလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်မှာကြားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် စာစစ်မှူးများက စာမေးပွဲကျင်းပခြင်း လုပ်ငန်းဆိုင်ရာ လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၈) ခုဖြစ်သော အ.ထ.က (၁) မြန်အောင်၊ အ.ထ.က (ကနောင်) ၊ အ.ထ.က (သပြေကုန်း)၊ အ.ထ.က (အင်ပင်)၊ အ.ထ.က (ဇလုပ်မ)၊ အ.ထ.က (လက်ပံကွင်း)၊ အ.ထ.က (ရွှေကျင်)နှင့် အ.ထ.က(တာခွ) စာစစ်ဌာနများတွင် ဖြေဆိုမည့်ကျောင်းသား၊ ကျောင်း သူဦးရေ (၉၃၇) ဦးရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)