ငွေဆောင်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အ.ထ.က(ငွေဆောင်) စာစစ်ဌာနအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ငွေဆောင် မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅-၂၀၂၆  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၆  ခုနှစ် ၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အ.ထ.က( ငွေဆောင်)စာစစ်ဌာနအား မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

ထိုသို့ စစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်မည့် စာစစ်ဌာနဖြစ်သော ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)တွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ စာဖြေခန်းများ၊ စာဖြေခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာဖြေသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်လင်းဦး (ပြန်/ဆက်)