မော်လမြိုင် ဖေဖော်ဝါရီ ၂၅
ကော့လမုကျေးရွာ ကော့လမုတိုက်ကျောင်း ပြည်တွင်း/ ပြည်ပဂုဏ်ထူးဆောင်(၁၄)ဘွဲ့ရ ဇာသပြင်တိုက်နယ်ပဝါရဏာ ဂိုဏ်းချုပ်၊ ကော်လမုကျေးရွာ YMBA အသင်း ဩဝါဒါစရိယ၊ ကော့လမုတိုက်ကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တပုပ္ဖမဟာထေရ်မြတ်အား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့လမုတိုက်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြည်တွင်း/ပြည်ပ ဂုဏ်ထူးဆောင် (၁၄)ဘွဲ့ရဆရာတော် ဒေါက်တာ ဘဒ္ဒန္တပုပ္ဖမဟာထေရ်မြတ်အား ဆရာရွှေဘုံစံမှ အဘိယာဇနနိမန္တနဂါထာဖြင့် အခမ်းအနားသို့ပင့်ဆောင်ပြီး နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပုပ္ဖမဟာ ထေရ်မြတ်ဘုရားထံမှ ၅ ပါးသီလ ခံယူဆောက်တည်ခြင်းနှင့် ဆရာတော်သံဃာတော်များမှ ဘ၀တုသဗ္ဗမင်္ဂလံ ၃ ဂါထာဖြင့် မေတ္တာပို့သပေးခဲ့ကြပြီး ပြည်တွင်း/ပြည်ပ (၁၄)ဘွဲ့ရဆရာတော်အား တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များထပ်ဆင့်ကပ်လှူပူဇော်ခြင်းနှင့် ဆရာတော်၏ ဒါယိကာ/ဒါယိကာမ (၃) ဦးအား ဂုဏ်ထူးဆောင်လက်မှတ်များ ထပ်ဆင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်ရွှေတံဆိပ်၂ ဆုရ တေးသံရှင်မြတ်ပန်းစံအိမ်မှ ရှစ်ဆယ်ပေါ်တေးထပ်နှင့် ရတုပိုဒ်စုံတို့ဖြင့် သီကျူးပူဇော်ခြင်း၊ ဆရာရွှေဘုံစံမှ ဂုဏပူဇာထုတိဂါထာဖြင့် ရွတ်ဆိုပူဇော်ဂုဏ်ပြုခဲ့ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ပြည်တွင်း/ပြည်ပ ၁၄ ဘွဲ့ရဆရာတော် ဒေါက်တာဘဒ္ဒန္တပုပ္ဖထံမှ သာဓုအနုမောဒနာ တရားနာယူခြင်းနှင့် ဆုတောင်းပတ္ထနာပြု ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆိုဆုတောင်း၍ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)