မော်လမြိုင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင် မတ် ၁

မော်လမြိုင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ခိုင်နှင့် မော်လမြိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းတို့က အမျိုးသမီးရေးရာအဖွဲ့ဆိုင်ရာ အသိပညာပေးဟောပြောပြီး၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်ဌေးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် မော်လမြိုင်မြို့နယ် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းယုထွေးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရေးအတွက် ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးရှင်းလင်းပြီး တက်ရောက်လာသော ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)