အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

အုတ်တွင်း ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါပူပြင်းခြောက် သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေး လိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်သို့ သွား​ရောက်ကွင်းဆင်း စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ရေသယ်ယာဥ်ဖြင့်ရေစို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသော လျှပ်စစ်မီးကြိုးအသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်သွားကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများနှင့် မီးသတ်ဆေးဘူးများထားရှိစေရေးနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုပေးခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ရေသယ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်ကျော်မြင့်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်သုံးဆီအရောင်းဆိုင်ရှိ ဝန်ထမ်းများက ပါဝင်သရုပ်ပြပေးခဲ့​ကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ သိရသည်။

ခင်ခင်မာ