မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာရှိ ပြည်သူများအား ကွင်းဆင်းဆေးကုသပေး

ဝါးခယ်မ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ယမန်နေ့ နံနက် ၈ နာရီက ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာသို့ ကွင်းဆင်းကာ  ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဇော်မင်းသိုက် ဦးဆောင်သည့် မျက်စိအထူးကု၊ သွားဘက်ဆိုင်ရာအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ အရိုးအထူးကု၊ ခွဲစိတ်အထူးကု၊ ဓာတ်မှန်၊ အထွေထွေရောဂါနှင့် ကလေးအထူးကု၊ သွားဖွားမီးယပ်၊ အရေပြားအထူးကုဆရာဝန်ကြီးများက အူကျွန်းကျေးရွာအပါအဝင် အနီးအနားရှိ ရေလိန်ကျေးရွာ၊ ကြခတ်ကုန်းကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ မရမ်းချောင်ကျေးရွာ၊ ကြာဖြူကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွေထွေရောဂါလူနာ (၈၆)ဦး၊ မျက်စိလူနာ (၇၂) ဦး၊ အရိုးအကြောလူနာ (၆၂) ဦး၊ သွားနှင့်ခံတွင်းလူနာ (၃၀) ဦး၊ ကလေးရောဂါလူနာ (၂၉) ဦး၊ အရေပြားလူနာ(၂၂)ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်းစွမ်းရေး လူနာ (၂၁) ဦး၊ နား/နှာခေါင်း/လည်ချောင်းလူနာ (၁၂) ဦး၊ သားဖွားမီးယပ်လူနာ (၇) ဦး၊ ခွဲစိတ်ရောဂါလူနာ (၄) ဦးတို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများကို တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး ဝါးခယ်မမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)