စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဖွားဘက်တော်လမ်းမှ ဇဗ္ဗုသပြေလမ်းအထိ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ဦး ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် မုံရွာ-ရေဦးကား လမ်းမပေါ်ရှိ ကန်သာယာကန်မှ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေးအထိ အရှည် -၁၅၅၀၀ ပေအား အကျယ် ၄ ပေရှိ အုတ်စီရေမြောင်းနှင့် လမ်းဘေးဝဲ/ယာ ကွန်ကရစ်ခင်းခြင်း၊ ကပ်တုံးပြုလုပ်ခြင်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများအပေါ် စေတနာထားကာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် လုပ်ငန်းများ စံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)