မော်လိုက် ဖေဖော်ဝါရီလ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်စီမံခန့်ခွရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်သရုပ်ပြခြင်းကို ဖေဖော်ဝါရီလ (၆) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မီးသတ်ဆေးဘူးများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုဌေးက မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် ငြိမ်းသတ်ပုံများကို ရှင်းလင်းပြောကြားသရုပ်ပြခဲ့ရာ ဈေးသူဈေးသားများက မီးငြှိမ်းသတ်နည်းများကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးအတွင်း မီးလောင်မှုမဖြစ်ပွားစေရန် မီးသတ်ပိုက်များဖြင့် ရေဖြန်းခဲ့ကြသည်။
မော်လိုက်မြို့နယ် မြို့မဈေးအတွင်း “မီးဘေးရှောင်မလောင်ခင်တားဆိုသည့်” ဆိုရိုးအတိုင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဈေးသူဈေးသားများ လွယ်ကူစွာ မီးငြှိမ်းသတ်နိုင်စေရန် ရည်ရွယ်ကာ မီးငြိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုဌေးထံမှ သိရသည်။
ကိုထက်(ပြန်/ဆက်)