ကန့်ဘလူ ဖေဖော်ဝါရီ ၇
ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ရာ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။
ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင်၊ မြို့စျေးတာဝန်ခံ ဒေါ်ကြည်လေးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးအကျိုးတော်ဆောင်များ၊ စျေးသူ စျေးသားများ တက်ရောက်ကြသည်။
ထိုသို့ ပြုလုပ်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးက မီးဘေးလုံခြုံရေးဆိုင်ရာများကို အသိပညာပေးဟောပြောခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက စျေးတာဝန်ရှိသူများနှင့် စျေးသူစျေးသားများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ်မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြသခြင်း၊ ဆီမီးလောင်မှုကို ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်းများကိုပြသ၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေခြင်းနှင့် မီးငြှိမ်းသတ်ယာဥ်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့မစျေးအတွင်း မီးသတ်ရေငုတ်များ၊ အပေါ့စားမီးသတ်စက်များ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မြို့မစျေးတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း