ရေဦး၊ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်၊ ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစီအစဉ်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်တွင်း ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ တိုင်းကျန်းမာရေးမှူး ဒေါက်တာညီညီလွင်က တိုးချဲ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ရည်ရွယ်ချက်ငါးရပ်ကို လည်းကောင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်ပြီး ဒေသအခြေအနေရ ဆေးသိုလှောင်ရာ၊ သယ်ယူရာနှင့် ထိုးနှံရာတို့တွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ပုံမှန်ကာကွယ်ဆေးနှင့် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မှု အခြေအနေများအား ဗီဒီယိုဖိုင်များဖြင့်လည်းကောင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု သိသိသာသာကျဆင်းခဲ့သည့် ကိုဗစ်ကာလကိုယ်၀န်ဆောင်နှင့်မိခင်ဦးရေ တစ်သိန်းတွင် မိခင်သေဆုံးမှုနှုန်းနှင့် အရှင်မွေးကလေးသေဆုံးမှု၊ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်း မြင့်တက်လာခဲ့ပြီး ကိုဗစ်ကာလအလွန် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား အထူးအရေးကြီးကိစ္စရပ်အနေဖြင့် ပြန်လည်အားဖြည့်ဆောင်ရွက်ခဲ့ရာ ယခုအခါကာကွယ်ဆေးထိုးနှံပေးနိုင်မှု အတိုင်းအတာတစ်ခုအထိလွှမ်းခြုံလာနိုင်ခဲ့ပြီး သေဆုံးမှုသိသိသာသာ လျော့နည်းလာခဲ့ပါကြောင်း၊ ငါးမျိုးစပ်ကာကွယ် ဆေး(တတိယအကြိမ်)လွှမ်းခြုံမှုလျော့နည်းလျှက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးပျက်ကွက်မှုများရှိခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရန်ခက်ခဲသည့်ကျေးရွာများတွင် မဆောင်ရွက်နိုင်ခြင်း၊ ကာကွယ်ဆေးဖြင့်ကာကွယ်မှုမရရှိသည့်အရေအတွက်နည်းပါးလာခဲ့သော်လည်း ရောဂါဖြစ်ပွားနိုင်သည့်ကလေးငယ်များ များပြားလာနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုလုပ်ငန်းကိုအချိန်နှင့်တပြေးညီ ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးမှုကသာ ဟန့်ထားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သွားလာရန်ခက်ခဲသောနေရာများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ ဒေါက်တာညီညီလွင်က အမျိုးသားကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်းများကို အသိပေးရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။
သန်းသန်း (ရေဦး)