မော်လမြိုင် ဇန်နဝါရီ ၂၈
မွန်ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း နယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာနှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဆုများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကဏ္ဍအလိုက် ဂုဏ်ထူးဆောင်ဆုရရှိသူများကို ဂုဏ်ထူးဆောင်ဆုများ ပေးအပ်နိုင်ရေးနှင့်ပေးသင့်ပေးထိုက်သူများကို ကျန်ရှိမှုမရှိစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကဆွေးနွေးတင်ပြခဲ့ပြီး စိစစ်ရေးကော်မတီအတွင်းရေးမှူးက ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူး ဆောင်ဆုပစ္စည်းများ ချီးမြှင့်နိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ဂုဏ်ထူးဆောင်ဆုရွေးချယ်ရေး ကော်မတီအတွင်းရေးမှူးအသီးသီးမှ ဂုဏ်ထူးဆောင်ဆုပေးအပ်နိုင်ရေး စိစစ်ရွေးချယ်ထားမှု အခြေအနေများအား သက်ဆိုင်ရာ ကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ပြီးပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)