မော်လမြိုင် ဇန်နဝါရီ ၂၈
ICJ တွင်သွားရောက်၍ မြန်မာနိုင်ငံ၏ပကတိအဖြစ်မှန်များကို ရှင်းလင်းချပြနိုင်သည့် ဦးကိုကိုလှိုင်နှင့်အဖွဲ့များအား မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံမှ ကြိုဆိုထောက်ခံပွဲကို ယနေ့မွန်းလွဲပိုင်းက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုများက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌စတင်၍ ကမ်းနားလမ်းတစ်လျောက် မြစ်ကမ်းသာ ကစားကွင်းသို့လမ်းလျှောက်၍ ကြိုဆိုထောက်ခံခဲ့ကြသည်။
ထို့နောက် ကြိုဆိုထောက်ခံပွဲ အခမ်းအနားကိုကျင်းပရာ ဦးစွာမွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့က နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခဲ့ကြသည်။
ယင်းနောက် မွန်ပြည်နယ် မျိုးချစ်သမဂ္ဂဆရာတော် ဦးတေဇဝံသနှင့် မွန်ပြည်နယ် အမျိုးသားရေးအင်အားစုမှ ဦးဇော်ဟိန်းတို့က မိမိတို့နိုင်ငံတော်အပေါ်မတရားစွပ်စွဲ လုပ်ဆောင်မှုများကို တရားဥပဒေအပေါ်ယုံကြည်မှုအခြေခံ၍ ပြတ်ပြတ်သားသား ရင်ဆိုင်ဖြေရှင်းနေခြင်းကို အပြည့်အဝကြိုဆိုထောက်ခံပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ပကတိဖြစ်စဉ်အမှန်များကို ပုံဖော်ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှသိရှိနားလည်သွားစေရန်နှင့် ယုံကြည်မှုရှိလာစေရေး အတွက်လည်း အရေးပါသောအချက်တစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ကိုယ်စား ICJ သို့ သွားရောက်၍ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတရား၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် အမှန်တရားကို ရင်ဆိုင်ဖြေရှင်းနေသော မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို အလေးအနက် ကြိုဆိုထောက်ခံဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်းနှင့် နိုင်ငံတော်၏မူဝါဒသဘောထားများနှင့် တစ်သားတည်း ရပ်တည်လျက်ရှိနေကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)