ဘိုကလေးမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး အသိပညာပေးဆွေးနွေး

ဘိုကလေး ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးဟောပြောမှု အခမ်းအနားအား ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် ဘိုကလေးမြို့ ကုတင်(၅၀)ဆေးရုံဟောင်း၏ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်သည်။

ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ စုံညီစွာတက်ရောက်ကြပြီး ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကလေးငယ်များ၏ ဘဝမှစ၍ ရောဂါဘယကင်းရှင်းဖို့ လိုအပ်ကြောင်း၊ ကလေးငယ်များ ရောဂါကင်းရှင်းရေးအတွက် သတ်မှတ်အသက်အလိုက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးကြဖို့ လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် အချိန်တွင်လည်း ကျန်းမာရေး၊ အသိအမြင်များဖွံ့ဖြိုးစေရန် ဆွေးနွေးဟောပြောမှုများ တစ်ဆက်တည်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်းက ပြည်သူ့ကျန်းမာရေးဦးစီဌာန၏ (၁၈၈၉)ခုနှစ်မှ စတင်၍ (၂၀၂၅)ခုနှစ်အထိ ကာကွယ်ဆေးထိုးလုပ်ငန်း၏ အောင်မြင်မှု မှတ်တိုင်များ၊ အထူးဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့မှုများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များ ဆွေးနွေးပြောကြား၍ ဆွေးနွေးပွဲ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအား အသက်အလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု လုပ်ငန်းဆောင်ရွက်နေသည့် အသိပညာပေး ဗီဒီယို ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)