ကြံခင်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမားတစ်ဦး၏ ကျန်ရစ်သူမိသားစုအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ စက်ရုံမှူးတို့က လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် သေဆုံးသွာသော ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ဦးမျိုးဝင်း၏ ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၁၀၈ သိန်းတိတိအား ဇနီးဖြစ်သူ ဒေါ်နှင်းဝေပိုင်အားလည်းကောင်း၊ မြန်အောင်မြို့ ရောင်နီအရက်ချက်စက်ရုံမှ အာမခံအလုပ်သမား ဦးဇော်ဇင်စိုး၏ ဆေးဖိုးကုန်ကျငွေ ကျပ်သိန်း ၁၈၀၀၅၄၀ အား ပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ စက်ရုံမှူး ဗိုလ်မှူးကြီး ညီညီအောင်က ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဦးရဲဇော်ဝင်းနှင့် မြို့နယ်ရုံးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ စက်ရုံမှူး ဗိုလ်မှူးကြီး ညီညီအောင်နှင့် ဝန်ထမ်းများ၊ အကျိုးခံစားခွင့်ရှိသူများ၏ မိသားစုဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ဖြိုးဝေလင်း