ဖျာပုံ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မြို့နယ်အတွင်း ကာကွယ် ဆေးထိုးလွမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းထွန်းဝင်းက မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ၊ တိုးချဲ့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၏ အဓိကရည်ရွယ်ချက်များနှင့် သွားလာရေးခက်ခဲ့သော ဒေသများ၌ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များ ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက်တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းကြရာသက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြပြီး၊ မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအား အသက်အလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု လုပ်ငန်းဆောင်ရွက်နေသည့် အသိပညာပေး ဗီဒီယိုအားပြသသည်။
အဆိုပါဆွေးနွေးပွဲသို့ ဖျာပုံခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်