ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ အားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်မှာ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်နှီးမှု ခိုင်မာလာစေရေး၊ ဘာသာရပ် တစ်ခုနှင့်တစ်ခုအပြန်အလှန် ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ဗလငါးတန် ပြည်ဝစေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်း ဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဖူဆယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများအနေဖြင့် အားကစားသမားကောင်းများပီသစွာ ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် တိုင်းဒေသကြီးဂုဏ်‌ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြသည့် အားကစားသမားကောင်းများဖြစ်အောင်ကြိုးစားကြရန်လိုပါကြောင်း”  တိုက်တွန်းအမှာစကားပြောကြားပြီး ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးကာ ချီးမြှင့်ငွေများပေးအပ်ရာ ပုသိမ် တက္ကသိုလ်ပါမောက္ခချုပ်က လက်ခံခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရူပဗေဒအသင်းနှင့် အရှေ့တိုင်းပညာအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးခဲ့သည်။ 

၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲကို ယခုလ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား (၁၃) သင်းနှင့် အမျိုးသမီး (၆) သင်းတို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

လှမင်းထွဋ်(ပြန်/ဆက်)