မုဒုံ ဇန်နဝါရီ ၁၉
မွန်ပြည်နယ်မုဒုံမြို့တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်က အ.မ.ကသာယာကုန်းကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးလေးနွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ကလေးအလုပ်သမားဟူသည် ၎င်း၏ ကလေးဘဝ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကို ဆိုလိုကြောင်း၊ မည်သည့်အလုပ်မျိုးကိုမဆို အသက် (၁၄)နှစ်အောက် ကလေးများအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေများက တင်းကြပ်စွာ တားမြစ်ထားကြောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်များနှင့် အသက်အရွယ်၊ ကလေးအလုပ်သမားများ ပပျောက်ရေး ရည်မှန်းချက် (၃)ရပ် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ကျောင်းသား/သူ၊ ဆရာ/ဆရာမများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)