သထုံ ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နံနက်က သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ပညာရေးအဖွဲ့ဝင်များက သတ်မှတ်နေရာများတွင် နေရာယူကြကာ ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် စတင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူသူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာ ဌာနများမှ ဘွဲ့ယူသူများကို ပါမောက္ခချုပ်ထံ ပို့ဆောင်စေခြင်းတို့ကို ဆောင်ရွက်သည်။
ယင်းနောက် ပါမောက္ခချုပ်က ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (၃၈) ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ Bachelor of Computer Technology (၈) ဦး တို့အား ဘွဲ့လက်မှတ်များ အပ်နှင်းပေးအပ်ပြီး ဘွဲ့ရမှတ်ပုံတင်စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြုလက်မှတ်ရေးထိုး၍ ဘွဲ့ရရှိသူများကို ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုကြောင်း ကြေငြာကာ ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားသည်။
ကွန်ပျူတာတက္ကသိုလ် (သထုံ) ၏ ၁၅ ကြိမ်မြောက် ဘွဲနှင်းသဘင်အခမ်းအနားတွင် အဝေးရောက်ဘွဲ့ယူသူ (၆) ဦးအပါအဝင် စုစုပေါင်း (၅၂) ဦးတို့အား သက်ဆိုင်ရာဘွဲ့အသီးသီးကို အပ်နှင်းခဲ့ပြီး ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)