ဂန့်ဂေါမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံများပြင်ဆင်ထားရှိမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဂန့်ဂေါ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်သည် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဆုရည်ဖြိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွဋ်အောင်နှင့် အဖွဲ့ဝင်များက မြို့ပေါ်(၄)ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မဲရုံကြီးကြပ်များ၊ မဲရုံမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မဲရုံဖွဲ့စည်းပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်ရန်၊ မဲဆန္ဒရှင်ပြည်သူများ မြန်ဆန်စွာ ဆန္ဒမဲပေးနိုင်ရေးစီစဉ်ထားရှိရန်၊ မဲရုံလုံခြုံရေး၊ မဲရုံပရဝုဏ်များ သတ်မှတ်ပြင်ဆင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း