လွိုင်ကော် ဇန်နဝါရီ ၁၀
ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့်နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့်ဒေသနေပြည်သူများနှင့်ဝန်ထမ်းများအတွက် တန်ဖိုးသင့်အိမ်ရာများလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၉ ရက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးက လွိုင်ကော်မြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများအတွက် ပထမအဆင့်ဆောက်လုပ်ပေးခဲ့သည့် တန်ဖိုးသင့်အိမ်ရာများကို ပြည်သူများထံလွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ တန်ဖိုးသင့်အိမ်ရာများကို သာမန်အဆောက်အအုံတစ်ခုအဖြစ် ဆောက်လုပ်ပေးခြင်းမဟုတ်ဘဲ လူမှုဘဝအတွက်အခြေခံအကာအကွယ်ကို ပြန်လည်ပေးအပ်ခြင်း၊ ယုံကြည်ချက်နှင့်မျှော်လင့်ချက်ကို ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ပြည်သူများအား ပြန်လည်နေရာချထားပေးခြင်းနှင့် မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီမှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် နေအိမ် အလုံး ၅၀ ကို ဆောက်လုပ်ပေးနိုင်ခဲ့ပြီး နောက်ဘဏ္ဍာရေးနှစ်များတွင်လည်း ထပ်မံဆောက်လုပ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများထံသို့ တန်ဖိုးသင့်အိမ်ရာများ လွှဲပြောင်းပေးအပ်သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသနေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး နောင်ယား (က) ရပ်ကွက်အတွင်းရှိ တည်ဆောက်ပြီးစီးသည့် တန်ဖိုးသင့်အိမ်ရာများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၃ ထပ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေးပိုင်းတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီစေရေး စနစ်တကျကြီးကြပ်ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)