မင်းဘူး ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနက မန္တလေးအင်အားပြင်းငလျင်ဖြစ်စဉ်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များအတွက် နိုင်ငံ့ဝန်ထမ်းဆိုင်ရာဂုဏ်ထူးဆောင်ဆု ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင်မီးသတ်ဦးစီဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၂ မိနစ်အချိန်ခန့်က လှုပ်ခတ်ခဲ့သော မန္တလေးအင်အားပြင်းငလျင်ဖြစ်စဉ်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကချီးမြှင့်သည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာဂုဏ်ထူးဆောင်ဆုနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကချီးမြှင့်သည့် အသိအမှတ်ပြု ဂုဏ်ပြုဆုလက်မှတ်များကို ယခုလိုအခမ်းအနားဖြင့် ဂုဏ်ပြုပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ခရိုင်မီးသတ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကချီးမြှင့်သည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာဂုဏ်ထူးဆောင်ဆု ၁၅ ဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ချီးမြှင့်သည့် အသိအမှတ်ပြု ဂုဏ်ပြုဆုလက်မှတ် ၁၉ ဆုကို ဆုရတပ်ဖွဲ့ဝင်များထံ တစ်ဦးချင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)