ပခုက္ကူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူူခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းတည့် ၁ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ ခရိုင်ဦးစီးမှူး ဦးညွန့်ဦးက မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်မှတ်ပုံပြုလုပ်ပေးခြင်း၊ မော်တော်ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းမြတ်က ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ယာဉ်စည်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြပြီး အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ ရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်တွေ့သရုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)