ငဖဲ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့မဲရုံများပြင်ဆင်ဆောင်ရွက်ရာတွင် တာဝန်ကျမဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများပူးပေါင်းပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ၊ လွယ်ကူလျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံဝင်ပေါက်၊ ထွက်ပေါက်၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသည့်နေရာ၊ ဆန္ဒပြုခန်းနှင့် ပြည်သူများ စောင့်ဆိုင်းသည့်နေရာ စသည့်နေရာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ပြင်ဆင်ဆောင်ရွက်မှုများအား ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာပေါင်း ၃၆ ရွာ၌ မဲရုံပေါင်း ၅၂ ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ ၃၅၀၇၂ ဦးရှိကြောင်း သိရသည်။
မယု(ငဖဲ)