ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၅,၀၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၅,၀၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာ ၁၆,၁၅၀ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါ နေကြာစိုက်ပျိုးခြင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၅,၀၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နေကြာစိုက်ဧက ၁၆,၁၅၀ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့အထိ ဧက ၁၅,၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ နေကြာစိုက်ပျိုးမှုအနေနဲ့ တစ်နှစ်ထက် တစ်နှစ် စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးလာနိုင်ပါတယ်။ တောင်သူတွေအတွက် အထွက်နှုန်းကောင်းပြီး ဒေသနဲ့ကိုက်ညီတဲ့ နေကြာမျိုးတွေ စိုက်ပျိုးနိုင်အောင်လဲ ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ နေကြာစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းစေရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးစသည့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေကြာ အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကိုပါရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နေကြာသီးနှံအား ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ဆက်လက်ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )