ပွင့်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ ပွင့်လင်းရာသီကာလဖြစ်၍ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျဆောင်ရွက်ထားရှိရေး၊ လျှပ်စစ်မီးများ စနစ်တကျကိုင်တွယ်အသုံးပြုရေးနှင့် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားရှိသော မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေးဟောပြောပြီး ရုံးအဆောက်အဦအတွင်း မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိသော မီးသတ်ဆေးဘူးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ လျှပ်စစ်မီးလိုင်းများ မီးဘေးစိုးရိမ်ရမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးရှိ ဝန်ထမ်းများနှင့်ပူးပေါင်းကာ မီးလောင်မှုဖြစ်ပွားပါက တည်ငြိမ်စွာဖြင့် စနစ်တကျ မီးငြှိမ်းသတ်စေရေး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဖုံးအုပ်နည်းဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)