စစ်တွေ ဇန်နဝါရီ ၈
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ ရခိုင်ပြည်နယ် ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များက “လေးဝတီ” သီချင်းဖြင့် ကပြဖျော်ဖြေပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအဆက်ဆက်က နိုင်ငံတော်ထာဝရငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း လွဲမှားသောအတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့်တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံက အလေးထားဆောင်ရွက်လျက်ရှိရာ လူငယ်များကိုလည်း ပူးပေါင်းပါဝင်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကျင်းပမည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) အား ငြိမ်းချမ်းရေးနှင့်လူမှုအသိုက်အဝန်း တည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များမှာ အရေးကြီးသည်ကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ စိတ်သဘောထားများနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ငြိမ်းချမ်းသော အသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ် ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကို ဖော်ထုတ်ရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ် ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေး အထောက်အပံ့ ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာစေရန်၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် (Youth Policy Paper) အား ရေးဆွဲတင်ပြရန် စသောရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်း ဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့် လူငယ်မျိုးဆက်သစ်များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်စွာဖြင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လွန်စွာအရေးကြီးကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြည်းပေးနိုင်သောသူများသည် လူငယ်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ ဘက်စုံထူးချွန်ပြီး အတတ်ပညာရှင်၊ အတတ်ပညာရှင်များ ထွက်ပေါ်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှန်ကန်သော လမ်းကြောင်းပေါ်ကို ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုစေမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းနှင့် စည်းလုံးညီညွတ်ပြီး သဟဇာတဖြစ်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ထူးချွန်ထက်မြက်၊ ကျန်းမာကြံ့ခိုင်၊ တွေးခေါ်နိုင်စွမ်းရှိပြီး စိတ်ဓာတ်စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းများဖြင့်သာ ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်၍ နိုင်ငံ၏ အနာဂတ်အတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ ရခိုင်ပြည်နယ်ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ ရခိုင်ပြည်နယ်ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ ရခိုင်ပြည်နယ်ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ် ကိုယ်စားလှယ်များက လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေးတွင် လူငယ်များ၏ပါဝင်မှု အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးအသိပညာ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မြှင့်တင်ခြင်းအစီးအစဉ်များဖော်ထုတ်ခြင်း၊ ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းမြှင့်တင်ခြင်းတွင် လူငယ်များ၏ အခန်းကဏ္ဍ၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးကို အားပေးသည့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစားအစီအစဉ်များ၊ ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာ အကြံဉာဏ်များ ဖော်ထုတ်ခြင်း၊ ရယူခြင်း၊ စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခြေပြု စီးပွားရေးဆိုင်ရာ အတွေးအခေါ်များ ဖော်ထုတ်ခြင်း၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူငယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုတ်ဖျက်ရေး၊ ဆိုက်ဘာ (Cyber)၊ လူမှုကွန်ရက်၊ Online Security ထိရောက်သော သတင်းမှန်ပြန်ကြားရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော လူငယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များမှ painting for Peace အတွေးနှင့်ပတ်သက်၍ ရေးဆွဲထားသည့် ပန်းချီပုံများနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုဗီဒီယိုမှတ်တမ်းအား ပြသကာ လူငယ်ကိုယ်စားလှယ်များက “ရခိုင်တို့မြေလာခဲ့လေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ကပြဖျော်ဖြေပေးကသည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်များအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)