ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာ ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာပင် ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာပင် ၁၂၉၀၉ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါကျွဲနွားတိရစ္ဆာန်အစာစိုက်ပျိုးခြင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ကျွဲနွားတိရစ္ဆာန်အစာပင် ၁၂၉၀၉ ဧက လျာထားစိုက်ပျိုးခဲ့ပြီး ဒီနေ့မှာ စိုက်ဧက ၁၀၂၂၀ ဧကထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။  တောင်သူတွေ အဓိကစိုက်ပျိုးတဲ့ ကျွဲနွားတိရစ္ဆာန် အစာတွေကတော့ နှံစားပြောင်း၊ နေဗီယာမြက်နဲ့ ပဲသီးနှံများကို အများဆုံးစိုက်ပျိုးကြပါတယ်။ ကျွဲနွားတိစ္ဆာန်အစာ စိုက်ပျိုးတာနဲ့ပတ်သက်ပြီး အခက်အခဲမရှိ စိုက်ပျိုးနိုင်အောင် မျိုးကောင်းမျိုးစေ့များ ဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ်တွေနဲ့ ပိုးမွှားရောဂါမကျရောက်စေဖို့ ကြိုတင်ကာကွယ်ရမည့် နည်းပညာတွေအသိပညာပေးခြင်း၊ သွင်းအားစုများပံ့ပိုးပေးခြင်း စတဲ့ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတွေကို  ကူညီဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်အတွက် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ဖြင့် နှံစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ နေဗီယာနှင့် ဖူးစားပြောင်းတို့ကို စိုက်ပျိုးဆောင်ရွက်ကြကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုများ စနစ်တကျသုံးစွဲနည်းပညာများ လက်တွေ့သရုပ်ပြသခြင်း၊ သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းပညာပေးခြင်း စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို  တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)