ဂန့်ဂေါ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်အသုံးပြုမည့် MEVM မဲပေးစက်များထားရှိသည့်နေရာနှင့် ပတ်ဝန်းကျင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောက်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ယနေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS)ရုံးတွင်ထားရှိသည့် MEVM မဲပေးစက်များထားရှိသည့် နေရာများတွင် လျှပ်စစ်ဝါယာကြိုးများ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု မီးခလုတ်များ စနစ်တကျသွယ်တန်းတပ်ဆင်ထားမှု အခြေအနေများ၊ မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိ၊ ပတ်ဝန်းကျင်နေရာများတွင် အမှိုက်သရိုက် လောင်စာများရှိ/မရှိနှင့် အနီးပတ်ဝန်းကျင်နေရာများအား မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဆုရည်ဖြိုးနှင့် တာဝန်ရှိသူများက ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် အများပြည်သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များသို့ နေ့စဉ် လှည့်လည်ဆော်ဩခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း