လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ အလှူငွေများလှူဒါန်း

လွိုင်ကော်   ဇန်နဝါရီ   ၈

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်များသို့သွားရောက်၍ အသင်းတော် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာရပ်ကွက်ရှိ သီရိဒေါနှစ်ခြင်းခရစ်ယာန်အသင်းတော်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသင်းဗိမ္မာန်တော်အပြီးသတ်ဆောက်လုပ်ရန် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ ပေးအပ်သည်။

ဆက်လက်၍ ဒေါဉခူရပ်ကွက်ရှိ လွိုင်ကော်နှစ်ခြင်းခရစ်ယာန်အသင်းတော်တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဘုရားကျောင်းအတွင်း စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းနိုင်ရေး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အသင်းတော်တာဝန်ရှိသူများထံ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)