လွိုင်ကော် ဇန်နဝါရီ ၆
၂၀၂၆ ခုနှစ် (၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ် နောင်ယား(က)ရပ်ကွက် “သီရိဒေါလမ်း” (၁၈ပေ)အကျယ် ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါလမ်းသစ် မုခ်ဦးရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က “(၇၄)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ကတ္တရာလမ်းသစ်ဖွင့်နိုင်ခြင်းကြောင့် ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုများကို လျှင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရာသီမရွေး အသုံးပြုသွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် လမ်းများအသစ်ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသနေတိုင်းရင်းသားပြည်သူများကလည်း မိမိတို့၏ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးထားသည့် လမ်းအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်အသုံးပြုပေးစေလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် လမ်းသစ်ဖွင့်ပွဲနှင့်ပတ်သက်၍ ပြည်သူများကိုယ်စား လွိုင်ကော်မြို့ နောင်ယား (က)ရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့များ၏ တီးခတ်ဖျော်ဖြေမှုအား ကြည့်ရှုူပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ဖွင့်ပွဲအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကတ္တရာလမ်းသစ် တစ်လျှောက် ကြည့်ရှုကြပြီး တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့် “သီရိဒေါ”ကတ္တရာလမ်းသစ်သည် အရှည် (၃၇၀၀) ပေ၊ လမ်းအကျယ် (၁၈) ပေရှိပြီး နောင်ယား(က)၊ နောင်ယား(ခ)၊ နာနတ်တောနှင့် မြေနီကုန်းမြို့ဦးရပ်ကွက်နေ ပြည်သူများ နေ့စဉ်ဖြတ်သန်းအသုံးပြုနေသည့်လမ်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)